မြို့သစ် သြဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ မင်းသာကျေးရွာတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်(၉)နာရီအချိန်ကစ၍ မင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံခြင်း မပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံမှုကို မြို့သစ်မြို့အုပ်ချုပ်ရေးမှူး ဦးရဲဇော်မင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)