အောင်လံ ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် ယမန်နေ့နံနက်၁၀:၃၀က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများက မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး တော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီနှင့် Volunteer များဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာ စကားပြောကြားခြင်း၊ မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး တော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်မှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာများထားရှိသော အောင်မြေရွှေဝါခန်းမတွင် ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ လှူဒါန်းခြင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ Oxygen Plant စက်ရုံတည်ဆောက် နေမှုအား ကြည့်ရှုခြင်း၊ ရွာထောင်ရပ်ကွက် ပုဂ္ဂလိကဥစားကြက်ခြံသို့ကြည့်ရှုစစ်ဆေးခြင်း၊ မျိုးသန့် စိုက်ပျိုးခြံရှိ ဝါနှင့်ပဲတီစိမ်း မျိုးသန့်စိုက်ခင်းအား ကြည့်ရှုခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၏ ငလျင်ဘေးအရေးပေါ်ကယ်ဆယ်ရွှေ့ထုတ်ခြင်းလုပ်ငန်း ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုဆောင်ရွက်ခြင်း သရုပ်ပြသမှုအားကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)