ကျောင်းကုန်း ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လူမှုရေးအဖွဲ့အစည်း စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာ ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က မြို့နယ်အတွင်း ကိုဗစ်-၁၉ လူနာများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့် အတွက် ကျေးဇူးတင်ကြောင်းပြောကြားပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးတင်မောင်က ပရဟိတအလုပ်ကို လူတိုင်းလုပ်နိုင်ဖို့ မလွယ်ကူကြောင်း နှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ သေဆုံးသွားလျှင် စနစ်တကျ သင်္ဂြိုလ် နိုင်ရေးအရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးသုံးပစ္စည်းများနှင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဥ စသည့် စားသောက်ကုန် ပစ္စည်းများကို လူမှူရေးအဖွဲ့အစည်း စေတနာ့ဝန်ထမ်း(၁၆)ဦးအား မြို့နယ်မှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ အဖွဲ့ဝင်(၃) လ.ဝ.က ဦးစီးမှူး ဦးမျိုးဝင်းရှိန်၊ မြို့ နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှု အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)