ကော့ကရိတ် သြဂုတ် ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရန်ကုတ်ကျေးရွာအုပ်စု၊ လှိုင်စိမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် လူထုဗဟိုပြုစီမံကိန်းရံပုံငွေဖြင့် ဖောက်လုပ်ထားသော (တတိယနှစ်စက်ဝန်း) ကျေးရွာမြေသားလမ်းပျက်စီးမှု အခြေအနေအား ပြန်လည်ပြုပြင် ဆောင်ရွက်ရေးအတွက် ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များနှင့် သွားရောက်တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် ကော့ကရိတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ်နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးအောင်မြင့်၊ သတင်းအချက်အလက် စီမံခန့်ခွဲရေးနှင့် စောင့်ကြည့် ကြီးကြပ်အကဲဖြတ်ခြင်း အရာရှိ ဦးချမ်းမြေ့မောင်၊ ဘဏ္ဍာရေးအရာရှ ိဒေါ်ဇူးဇူးဇင်၊ လက်ထောက်နည်းပညာမှူး ဦးရဲရင့်ကျော် တို့သည် ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကျေးရွာတွင်း ဂဝံမြေသားလမ်းသည် တတိယနှစ်စက်ဝန်းစီမံကိန်းမှ ထောက်ပံ့ငွေ (၁၂၃၇၆၅၃၀)ကျပ်၊ အလျား၄၀၀ပေ၊ အနံ ၁၅ပေ၊ အမြင့် ၃ ပေတို့ဖြင့် ဖောက်လုပ်ခဲ့သည့် လမ်းဖြစ်ပြီး ယခုနှစ် မိုးရွာသွန်းမှုများသောကြောင့် လမ်းအလျား ၂၆ပေ၊ အနံ၁၅ပေ၊ အမြင့်၃ပေရှိသည့် ဂဝံမြေသားလမ်းမှာ ပျက်စီးသွားခဲ့သည်။
အဆိုပါပျက်စီးသွားသည့် မြေသားလမ်းအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီဝင်များနှင့် ကျေးရွာလူထုများ ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း (ခရိုင်/ပြန်ဆက်)