ပွင့်ဖြူ ဩဂုတ် ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက ကိုဗစ် - ၁၉ ကာလ ဖြစ်သော်လည်း မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်လိုသော ပြည်သူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းအား အခမဲ့ပြုလုပ်ဆောင်ရွက်ပေးနေကြောင်း အဆိုပါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူး ထံမှ သိရသည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ “လူမှုဘဝ ဖွံ့ဖြိုးဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဟူသော ဆောင်ပုဒ်နှင့် အညီ ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဥပဒေနှင့်အညီ နေထိုင်နိုင်ရေးအတွက် ကိုင်ဆောင်သင့်သည့် အသိအမှတ်ပြုကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိစေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များအသီးသီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းအား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မဖြစ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ပြုလုပ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး အနေဖြင့် ကိုဗစ် - ၁၉ ကာလဖြစ်သော်လည်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခက်အခဲမရှိ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် “လူမှုဘဝ ဖွံ့ဖြိုးဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဟူသော ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ အခမဲ့ ပြုလုပ်ဆောင်ရွက် ပေးနေပါတယ်။ အဲဒီလို ပြုလုပ်ပေးရာမှာ နိုင်ငံသား စိစစ်ရေးကတ်ပြားအား အသက်(၁၆)နှစ်ပြည့်ပြီးသူများ ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူများ တစ်ကြိမ်တစ်ခါမျှ မလုပ်ဘူးသူ များကို လည်းကောင်း၊ အသက်(၁၀)နှစ်ပြည့်မှ အသက်(၁၈)နှစ်ပြည့် လဲလှယ်မည့်သူများ ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများကိုလည်းကောင်း ပြုလုပ်ဆောင်ရွက် ပေးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံများအနေဖြင့် မိမိတို့ ရပ်ကွက်/ကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများရှိပါက စာရင်းပြုစုပြီး မိမိတို့ဌာနသို့ ချိတ်ဆက်၍ လာရောက်ပြုနိုင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးက ပြောပြ၍ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)