မင်းဘူး၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုလုပ်ငန်းများ ပြီးစီးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောက်ရွက်

မင်းဘူး ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် အောက်ဆီဂျင်အရေးပေါ် လိုအပ်နေသော ဒေသခံမိဘပြည်သူများအတွက် မင်းဘူးမြို့ရှိ ဗြဟ္မစိုရ်လူမှုကူရေးအသင်း ရုံးဝန်းအတွင်း၌ တည်ဆောက်နေသော အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်နေမှု လုပ်ငန်းများ အားလုံးကို စက်တင်ဘာလ ပထမအပတ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး စက်တင်ဘာလ ဒုတိယအပတ်တွင် liquid Oxygen Plant စတင်လည်ပတ် ထုတ်လုပ်နိုင်ရေး အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြောင်း မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ၃၀ လီတာကျု အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်နေမှုများကို မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းတွင် သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ ဗြဟ္မစိုရ် လူမှုကူရေးအသင်း အတွင်းရေးမှူး ဦးကိုကိုအောင်မှ အဆောက်ဦး တည်ဆောက်နေမှုများ၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အောက်စီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် liquid Oxygen Plant စက်အား မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးထားပြီး ၎င်းမှာယူထားသောစက်မှာ ယခုလ ၂၅ ရက်နေ့ တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်စက်ရုံမှာ (၃၀ x ၆၀ ) ပေရှိ Steel Structure အဆောက်အဦ အမျိုးအစားကို ရွှေရောင်မြေ ကုန်မျိုးစုံရောင်းဝယ်ရေး မိသားစု၊ မီးလင်းရေးအတွက် လိုအပ်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂၀၀ ကေဗွီ ထရန်စဖော်မာကို မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဝင်း မိသားစု၊ လျှပ်စစ်မီးသွယ်တန်းရေးအတွက် ဦးသန်းဇော် မန်းသီတာ ကျောက်တိုင်လုပ်ငန်း မိသားစုတို့မှ အသီးသီး မတည်လှူဒါန်း ပေးထားပြီး ဒေသခံ အများပြည်သူ စေတနာရှင်အလှူရှင် မိသားစုများမှလည်း လိုအပ်သော နေရာများတွင် သုံးစွဲရန် အလှူငွေများကို ထည့်ဝင်လှူဒါန်းပေးကြကြောင်း ဗြဟ္မစိုရ်လူမှုကူရေး အသင်း အတွင်းရေးမှူး ဦးကိုကိုအောင်ထံမှ သိရသည်။

အဆိုပါ ၃၀ လီတာကျု အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မင်းဘူး(စကု)မြို့နယ် အတွင်းရှိ အရေးပေါ်လူနာများနှင့် ဒေသခံပြည်သူများအတွက် အောက်ဆီဂျင်လိုအပ်ချက်များကို ကူညီပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)