ငဖဲမြို့နယ် ၌ မိုးစပါးနှင့်အခြားမိုးသီးနှံ ၃၀၇၄၉ ဧက လျာထားစိုက်ပျိုးသွားမည်

ငဖဲ ဩဂုတ် ၁၇ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၁ခုနှစ် မိုးသီးနှံများစိုက်ပျိုးရာသီ၌ မိုးစပါးသီးနှံနှင့် အခြားမိုးသီးနှံ ၃၀၇၄၉ ဧက လျာထား၍ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းထံမှ သိရသည်။ ငဖဲမြိုနယ်အတွင်းရှိ တောင်သူများအနေဖြင့် မန်းချောင်းရေလှောင်တမံဆည်ရေနှင့် ရင်းရှည် ရေလှောင်တမံမှ ဆည်ရေတို့ကို အဓိကအားထားပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက်သီးနှံများကို စိုက်ပျိုးလုပ်ကိုင် စားသောက်ကြသည်။ သီးနှံများစိုက်ပျိုးရာသီတွင် တောင်သူများ စိုက်ပျိုးရေ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန မန်းချောင်းရေလှောင်တမံမှ ဆည်ရေကို လက်ဝဲ၊ လက်ယာ မြောင်းမကြီးတစ်လျှောက် စနစ်တကျ ဆည်ရေဖြန့်ဝေပေးသည့်အတွက် တောင်သူများစိုက်ပျိုးသော သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက် ရှိသည်။ ယခု ၂၀၂၁ ခုနှစ် မိုးသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေနှင့် ရင်းရှည် ရေလှောင်တမံမှ ဆည်ရေကို အမှီပြု၍ မိုးစပါးသီးနှံဧက (၇၆၂၇)ဧက၊ နှံစားပြောင်း (၁၆၇)ဧက၊ အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း (၁၀၃၀)ဧက၊ ဆီထွက်သီးနှံ(၉၀၆၉)ဧက၊ သစ်ဆိမ့် (၁)ဧက၊ ချည်မျှင်ရှည်ဝါ (၃၅၇၅) ဧက၊ ပဲအမျိုးမျိုး (၃၃၉၃)ဧက၊ ငရုတ် (၂၁၂)ဧက၊ ငရုတ်ကောင်း (၃၂၇)ဧက၊ ကော်ဖီ (၁၀၃၆)ဧက၊ လက်ဖက် (၃၂၀)ဧက၊ ပရဆေးပင်များ (၂၃၈)ဧက၊ ကွမ်း (၅)ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ (၂၂၂၈)ဧက၊ ဝဥ(၁၆၉)ဧက၊ ဟင်းသီးဟင်းရွက် (၃၇၆)ဧက၊ ငှက်ပျော (၂၀၃)ဧက၊ အုန်း (၃၅)ဧက၊ ထန်း (၃၉)ဧက ၊ သစ်သီးပင်များ (၆၁၉)ဧက နှင့် ကြက်ဆူ (၈၀)ဧက စုစုပေါင်း (၃၀၇၄၉)ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့အထိ မိုးစပါးနှင့် အခြားမိုးသီးနှံများ စိုက်ပျိုးမှု (၁၄၅၉၃)ဧက စိုက်ပျိုးပြီးစီး သွားပြီဖြစ်သည်။ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများမိုးစပါးနှင့် အခြားမိုးသီးနှံများ စိုက်ပျိုးရာတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များ ကူညီ ထောက်ပံ့ပေးပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေး ဆိုင်ရာများကို Onlineမှလည်း အသိပညာပေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ မယု(ငဖဲ)