ဝန်းသိုမြို့နယ် မြိုင်ဇေယျာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေးပေး

ဝန်းသို ဩဂုတ် ၁၇

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ၍  အရင်းမပျောက်လည်ပတ် ရန်ပုံငွေအဖြစ်  မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာကျေးရွာတွင်  အဆိုပါ စီမံကိန်း ဆဌမအကြိမ်မြောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆဌမအကြိမ်မြောက် စီမံကိန်းလည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် တောင်သူ(၂၉)ဦးကို ငွေကျပ်(၂၂၇)သိန်း၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် အသင်းသား(၂၆)ဦးကို ငွေကျပ်(၂၃၄)သိန်း၊ အရောင်းအဝယ်လုပ်ငန်း အတွက် အသင်းသားသုံးဦးကို ငွေကျပ်သိန်း (၂၀)၊ ကုန်ထုတ်လုပ်ငန်းဆောင်ရွက်ရန် အသင်းသားတစ်ဦးအတွက် ငွေကျပ်(၁၃)သိန်း ၊ စုစုပေါင်း အသင်းသား(၅၉)ဦးကို လည်ပတ်ရန်ပုံငွေကျပ်(၄၉၄)သိန်း ပြန်လည်ထုတ်ချေးပေးခဲ့ပြီး အဆိုပါ ရန်ပုံငွေပြန်လည် ထုတ်ချေး ပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ စီမံကိန်းတာဝန်ခံ ဦးဖြိုးကျော်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာလကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ  ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။

ဝန်းသိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း တစ်ယူနစ်လျှင် ငွေကျပ်သိန်း (၃၀၀)စီမတည်၍ သုံးရွာပေါင်းဆောင်ရွက်သည့် ယူနစ်(၄)ယူနစ်၊ နှစ်ရွာပေါင်း ဆောင်ရွက်သည့် ယူနစ်(၆)ယူနစ်နှင့် တစ်ရွာတစ်ယူနစ် ဆောင်ရွက်သည့် ယူနစ် (၁၁) ယူနစ်ရှိပြီး ကျေးရွာပေါင်း(၃၅)ရွာတွင် ယူနစ်ပေါင်း(၂၁)ယူနစ်ဖြင့် စီမံကိန်းလည်ပတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မြိုင်