ဇလွန်မြို့နယ်၌ မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိရစ္ဆာန်အစာနုအိတ်များပေးအပ်

ဇလွန်   သြဂုတ်    ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဖြန့်ဖြူးသော တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက သဘာဝဘေး ကြုံတွေ့သည့်အခါ ရေကြီးနှစ်မြုပ်ကျေးရွာများတွင် အသုံးပြုရန် အစာနုအိတ်များ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြစ်ရေဝင်ကျေးရွာအုပ်စုများဖြစ်သော ရေလဲ၊ နန်းတော်ကျွန်း၊ ဖားလက်ခို၊ ကူးတို့ဆိပ်၊ တောင်ပို့တစ်ရာ၊ ထုံးတပို၊ အရှေ့လေးတူး၊ လမိုင်း၊ သာဓုချောင်း၊ ဇော်ဂျီကွင်း၊ ယင်းမလွတ်၊ ကော့ကပ်ကြီး၊ သဖန်းကုန်း၊ လမ်းမတော်မြောက် ကျေးရွာအုပ်စုများသို့ တိရစ္ဆာန် အစာနုအိတ်များကို တက်ရောက်လာသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

 

တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဇလွန်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ သဘာဝဘေးကြုံတွေ့သည့် ကျေးရွာများတွင် အသုံးပြုရန် ဖြန့်ဖြူးသည့် နွားအစာနုအိတ် ၁၄၀ အိတ်နှင့် ဝက်အစာနုအိတ် ၃၀ အိတ် အနက်မှ ဇလွန်မြို့နယ်အတွင်း မြစ်ရေဝင်ကျေးရွာအုပ်စုများနှင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်မွေးမြူသူများသို့ ပထမဆုံးအကြိမ် ဖြန့်ဖြူးခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ လေးမွန်ကြည်၏ ပြောကြားချက်အရ သိရသည်။

 

ဝေယံ