ငပုတော ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ငပုတောမြို့ ကုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆေးဝါးများနှင့် အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး စိန်ပန်းကျောင်း ပရိယတ္တိစာသင်တိုက်အတွင်း ဆောက်လုပ်လျက်ရှိသည့် အောက်စီဂျင်စက်ရုံတည် ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မြို့နယ်ကုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အိမ်သုံးအောက်စီဂျင်စက် ၄ လုံး၊ အောက်စီဂျင် ၄၀ လီတာ ၂၀ အိုး၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ အစုံ ၁၀၀၊ ဆေးဝါးများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မြင့် တို့က လက်ခံရယူခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်သည် ဆေးရုံဝန်းအတွင်း ဆောက်လုပ်နေသည့် ခွဲစိတ်ခန်း အဆောင်သစ် ဆောက်လုပ် ပြီးစီးမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောက်ပိုင်းရပ်ကွက် စိန်ပန်းကျောင်း ပရိယတ္တိစာသင်တိုက်အတွင်း တည်ဆောက်လျက်ရှိသည့် အောက်စီဂျင်စက်ရုံဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်