ပုသိမ် သြဂုတ်လ ၁၇
ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သည် ယမန်နေ့ရက်နေ့တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီး အတွင်း ထားရှိသော အောက်ဆီဂျင်စက်များ လည်ပတ်နေမှုနှင့် အသစ်ရောက်ရှိလာသော အောက်ဆီဂျင်စက် တပ်ဆင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် ပုသိမ်မြို့ ကမ်းနားလမ်းရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် မူလက 3.35Nm/h အောက်ဆီဂျင်စက်တစ်လုံးနှင့် 4Nm3/h အောက်ဆီဂျင် စက်တစ်လုံးတို့ဖြင့် လည်ပတ်လျက်ရှိရာ ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် အောက်ဆီဂျင် လုံလောက်မှု မရှိသည့်သဖြင့် အစိုးရအစီအစဉ်ဖြင့် 15Nm3/h နှင့် 60Nm3/h စက်အသစ် ၂ လုံးကို ထပ်မံဝယ်ယူ ဖြည့်ဆည်း ခဲ့ပြီး အောက်ဆီဂျင် လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ပုသိမ်မြို့တစ်ဖက်ကမ်း ရွာသစ်ကုန်းတွင် We Love Pathein လူထုအခြေပြု ကူညီကယ်ဆယ်ရေး အသင်းအနေဖြင့် 30Nm3/h Oxygen စက်ကြီးကို ပုဂ္ဂလိက အလှူရှင်များ ထံမှ ငွေကြေးများအလှူခံ၍ ကျပ်သိန်း ၁၃၉၀ အကုန်အကျခံကာဝယ်ယူခဲ့ပြီး အများပြည်သူသို့ ဩဂုတ်လ ၈ ရက်နေ့မှ စတင်၍ ဖြန့်ဝေပေးနေပြီဖြစ်သည်။ အဆိုပါ စက်မှာ နေ့စဉ် အောက်ဆီဂျင် ၄၀ လီတာအိုး ၁၃၀ ခန့် ထုတ်လုပ်နိုင်ပြီး အဓိက အောက်ဆီဂျင်လိုအပ်သူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ကိုဗစ်လူနာကုသရေးစင်တာများ၊ ဆေးရုံနှင့် နေအိမ်များမှ ကိုဗစ်လူနာများကို ဦးစားပေးဖြန့်ဝေလျက်ရှိသည်။
ဆက်လက်၍ Irrawaddy Aid Association ဦးဆောင်မှုဖြင့် ကမ်းနားလမ်း၊ ငွေလမင်းရေခဲစက်တွင် တည်ဆောက်ထားရှိမည့် 50Nm3/h အောက်ဆီဂျင်စက်မှာ အများပြည်သူ ထည့်ဝင်ငွေဖြင့် ဝယ်ယူထားပြီး ခန့်မှန်းကုန်ကျငွေကျပ် ၁၀၇၂ သိန်းကျော်ဖြစ်ပြီး ယခုလ ၂၇ ရက်နေ့တွင် ရောက်ရှိလာမည်ဖြစ်သည်။ အဆိုပါ စက်ရုံမှာ တစ်နာရီလျှင် ၄၀ လီတာအိုး ၈ လုံး ခန့်ဖြင့် တစ်နေ့လျှင် ပျမ်းမျှအလုံးရေ ၁၆၀ ခန့် ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။
မြင့်ဟန်