မုံရွာမြို့၌ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ ဆေးဝါးပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

မုံရွာ      သြဂုတ်     ၁၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလ စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသ‌ရေးဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု မရှိ‌စေရေးနှင့် စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချနိုင်ရေးအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ ဆေးဝါးသိုလှောင်ရုံများကို ယမန်နေ့နံနက်(၈)နာရီက ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး ကုန်သည်/စက်မှုအသင်း ဉက္ကဌတို့က ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအနေဖြင့် ဆေးဝါးများရောင်းချရာ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ် -၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး၊ စျေးကွက်အတွင်းဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ သတ်မှတ်အရည်းအသွေးနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချရေး၊ ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှု မရှိစေရေး နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် အခက်အခဲများ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးတို့ကို စစ်ဆေးကြပ်မတ် ဆောင်ရွက်ပေးခဲ့သည်။

မုံရွာမြို့တွင် ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၃၅)ဆိုင်ရှိပြီး ကိုဗစ်-၁၉ကာလအတွင်း ပြည်သူ များအနေဖြင့် ဆေးဝါးများနှင့် အထောက်အကူပြုပစ္စည်းများအား ဝယ်ယူသုံးစွဲရာတွင် အရည်အသွေး ကောင်းမွန်ပြီး စျေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဆေးဝါးများ ပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ထိန်လင်း