မြို့သစ် သြဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးရေးတွင် အဓိကအားထား အသုံးပြုနေရသည့် ဆဒ္ဒန်ဆည်၊ စွန်ဆည်၊ ပုလင်းဆည်၊ ဘုတ်ချောင်းဆည်များတွင် ဆဒ္ဒန်ဆည်တမံသည် ဇူလိုင်လကုန်ပိုင်းမှ စတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေပိုလွှဲမှရေကျော်ကျမှုများရှိခဲ့ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆဒ္ဒန်ဆည်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး သြဂုတ်လ ၁ ရက်မှ စတင်၍ ရေပိုလွှဲမှရေကျော်ကျခဲ့ရာ ယခုရက်ပိုင်းအတွင်း (၁ ဒသမ ၅ပေခန့်)အထိ မြင့်တက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းမှ စတင်၍ ရေကျော်ကျမှုသည် (သုညဒသမ တစ်ပေခန့်) သာရှိခဲ့ရာ (၁ ဒသမ ၄ပေခန့်) ရေကျော်ကျမှု လျော့နည်းကျဆင်းသွားပြီဖြစ်ကြောင်း၊ ဆည်တမံ၏ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အဦများ ကြံ့ခိုင်ကောင်းမွန်၍ (၂၄)နာရီ ရေကင်းတာဝန်ချထားကာ လက်ရှိအခြေအနေတွင် အရေးပေါ်အခြေအနေအဆင့် (၁)အဖြစ် အသိပေးနှိုးဆော်ထားပြီး ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အရေးပေါ်အခြေအနေများ အသိပေးနှိုးဆော် သွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)