ထီးလင်း ဩဂုတ် ၁၇
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားနေသည့်ကာလ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဝယ်ယူရောင်းချမှု ရှိစေရေးတို့အတွက် မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့(ယာယီ)ပျံကျဈေးအတွင်း ယနေ့ နံနက် ၇ နာရီတွင် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထီးလင်းမြို့(ယာယီ)ပျံကျဈေးအတွင်း ဈေးရောင်း/ဈေးဝယ် ပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်ပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်၍ ဈေးရောင်း ဈေးဝယ်ခြင်း ပြုလုပ်ကြရန်၊ ဈေးသည်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး ၆ ပေစီ ခွာ၍ ရောင်းဝယ်ကြရန်နှင့် ဈေးဝယ်ယူသူများအနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ၍ ဝယ်ယူကြရန်၊ အသား၊ ငါး ရောင်းချသည့် ဈေးသည်များအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)အပြင် မျက်နှာအကာ Face Shield, လက်အိတ်များ ဝတ်ဆင်ပြီးမှသာ ရောင်းချရန်၊ ကာကွယ်ရေး နည်းလမ်းများကို သတိပြုလိုက်နာစေရေးအတွက် တစ်ဦးနှင့်တစ်ဦး အသိပေးခြင်း၊ သတိပေးခြင်း ဆောင်ရွက်ကြရန်၊ အမှိုက်များအား အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်ကြပါရန် စသည်တို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး “မိမိကစ၍ ကာကွယ်ပါ” ပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်စည်