တနင်္သာရီမြို့တွင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

တနင်္သာရီ ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များတွင် ပြည်သူများ ဝယ်ယူသုံးစွဲလျက်ရှိသော နေ့စဉ်သုံး ဆေးနှင့်ဆေးဝါးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေးနှင့်ဆေးများကို သိုလှောင်ပြီး ဈေးကစားခြင်း မရှိစေရေး ပြည်သူများမှ ဆေးနှင့် ဆေးဝါးပစ္စည်းများကို အလွယ်တကူဝယ်ယူရရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်တည်ငြိမ်စွာ ရောင်းချနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးနိုင်၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်လှိုင်နန္ဒာကျော်၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သော်တာမျိုး နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာသန့်ဇင်ဦး၊ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်၊ ချောင်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းတို့ပါဝင်သော ပူးပေါင်း အဖွဲ့က ယမန်နေ့ မွန်းလွှဲ ၁နာရီ ၃၀ အချိန်က ဆေးအရောင်းဆိုင်များအား ရှောင်တခင်လိုက်လံ စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးနိုင်နှင့်ပူးပေါင်းအဖွဲ့သည် ချောင်းကြီး ရပ်ကွက်ရှိ ချိုမေတ္တာဆေးဆိုင်၊ ဦးကျော်ဝင်းဆေးဆိုင်နှင့် အာရောဂျံဆေးဆိုင်တို့အား ဆေးနှင့် ဆေးဝါးပစ္စည်းရောင်းချနေမှုအား ရှောင်တခင်ဝင်ရောက်စစ်ဆေးကြရာ ထူးခြားမှုမရှိဘဲ ပုံမှန် ဆေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်းသိရှိရပြီး ဆေးနှင့်ဆေးပစ္စည်းများကို ဈေးကစားရန် အလို့ငှါ ရည်ရွယ်ချက်ရှိရှိဖြင့် သိုလှောင်ပြီးဈေးကစားခြင်း မပြုလုပ်ဘဲ ဈေးနှုန်းတည်ငြိမ် မှန်ကန်စွာရောင်းချပေးကြရန် အသိပေး/သတိပေး ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ်တွင် ဆေးနှင့်ဆေးဝါးပစ္စည်းရောင်းချသည့် လက္ကားဆေးဆိုင်ကြီးများ မရှိဘဲ မြိတ်မြို့ရှိဆေးဆိုင်ကြီးများမှတစ်ဆင့် ဝယ်ယူ၍ အိမ်သုံးဆေးဝါးပစ္စည်းများကိုသာ ရောင်းချပေးနေခြင်းဖြစ်ပြီး ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ပြီးဈေးကစားရောင်းချခြင်းမျိုး မရှိကြောင်း၊  မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း အခြေခံစားကုန်များနှင့်ဆေးပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး ထိန်းချုပ်ရေးကော်မတီကို ဖွဲ့စည်း၍ အဆိုပါ အခြေခံစားသောက်ကုန်များနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းတိုးမြှင့်ရောင်းချမှု မရှိစေရေးအတွက် ရှောင်တခင်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းတိုးမြှင့်ပြီး ရောင်းချသည့်ဆိုင်များကိုလည်း ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)