မြင်းမူ ဩဂုတ် ၁၇
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ တပင်ရွှေထီးရပ်ကွက်တွင် မိသားစုတစ်ပိုင်တစ်နိုင်အဖြစ် (၃၁၃) ပဲတောင့်ရှည်ပင်များ စိုက်ပျိုးပြီး ခူးယူရောင်းချလျက်ရှိရာ မိသားစုဝင်ငွေပုံမှန် ရရှိလျက်ရှိ ကြောင်း ပဲစိုက်ခင်းပိုင်ရှင်ထံမှ သိရှိရသည်။
ရာသီနှင့် ကိုက်ညီသည့် အသီးအနှံပင်များကို ပုံမှန်ရွေးချယ်စိုက်ပျိုးလျှက်ရှိကြောင်း၊ အဓိက စားဖိုချောင်အသီးအနှံကို စိုက်ပျိုးရောင်းချကြောင်း၊ ခုလက်ရှိ ပဲတောင့်ရှည်(၁)ဧက အပင် အားဖြင့် (၇၀၀၀)စိုက်ပျိုးထားရှိကြောင်း၊ ရင်းနှီးကုန်ကျစရိတ်(၈)သိန်းရှိကာ စိုက်ပျိုးပြီး (၄၅)ရက်တွင် (၁)ရက်ခြား ပိသာ(၂၅၀)ကျော် ခူးယူရောင်းချရကြောင်း၊ အပင်သက်တမ်း အနေဖြင့် တစ်လခွဲခူးယူရမည်ဖြစ်၍ ပိသာချိန်(၃၀၀၀)ကျော် ရရှိမည်ဖြစ်ကြောင်း၊ ပဲပင်များ သက်တမ်းကုန်ပါက ရာသီနှင့် ကိုက်ညီသည့် ငရုပ်ပင်၊ ဗူးပင်၊ သခွားပင်၊ ဆူးပုတ်ပင် စသဖြင့် ပြောင်းလည်းစိုက်ပျိုးလျက်ရှိကြောင်း စိုက်ခင်းပိုင်ရှင် ဦးသန်းစိုးထံမှ သိရှိရသည်။
ယခုလက်ရှိ ပဲသီးတောင့်ဈေးမှာ(၁)ပိသာလျှင်(၈၀၀)ကျပ်ရှိ၍ ဝင်ငွေအနေဖြင့် ရင်းနှီးငွေ နှုတ်ပြီးပါက အမြတ်ငွေ(၁၆)သိန်းခန့် ရရှိမည်ဖြစ်ကြောင်းနှင့် မန္တလေးကုန်စိမ်းပွဲစားများက စိုက်ခင်း အရောက်လာရောက် ဝယ်ယူလျက်ရှိကြောင်းသိရသည်။
အောင်စိုးဖေ(မြင်းမူ)