ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများသိရှိ လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ပေါက် သြဂုတ် ၁၇

မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု  ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း၍ မြို့ပေါ် (၄) ရပ်ကွက်အတွင်းသို့ လှည့်လည်၍ ယမန်​​နေ့ ည​နေ(၅)နာရီအချိန်က အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများကိုဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လှည့်လည်အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ လက်ရှိအခြေအနေမှာ အရေးအကြီးဆုံးကတော့ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန် သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိ ရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ကြောင်း ၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန် ၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြပါရန်၊ အခြားသူများနှင့်အနည်းဆုံး (၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြပါရန်၊ (Mask)မတပ်သူများနှင့် တွေ့ဆုံခြင်း၊စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ် ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း ၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကို မကြာခဏ ဆေးကြောကြပါ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ကြပါနှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊သွေးတိုး ၊နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဉာဏ်တိုး(ပေါက်)