ပလောက် သြဂုတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ စျေးကွက် အတွင်း ကူးစက်ရောဂါကာကွယ်၊ ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အထောက် အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချနိုင်ရေးအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်း ဆိုင်များကို ယနေ့ နံက် ၈ နာရီက မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ပလောက်နယ်မြေရဲစခန်း၊ တိုက်နယ်ဆေးရုံ ဆရာဝန်၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ အနေဖြင့် ဆေးဝါးများရောင်းချရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး၊ စျေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ သတ်မှတ်အရည်းအသွေးနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချ ရေးနှင့်နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေးတို့အတွက် စစ်ဆေးကြပ်မတ်ဆောင်ရွက် ပေးခဲ့ သည်။
ပလောက်မြို့တွင် ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၅)ဆိုင်ရှိပြီး ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အနေဖြင့် ဆေးဝါးများနှင့် အထောက်အကူပြုပစ္စည်းများအား ဝယ်ယူသုံးစွဲရာတွင် အရည်အသွေးကောင်မွန်ပြီး စျေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူ သုံးစွဲ နိုင်ရေးနှင့် ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးအတွက် မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နှင်းမြူလွင်