ပင်လည်ဘူး ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်စာရေးဆရာအသင်းမှ ကျင်းပပြုလုပ်သည့် မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ရွေးချယ်တင် မြှောက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စာရေး ဆရာအသင်း နာယက ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ မောင်လွန်းမြိုင် (ပင်လည်ဘူး) က မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ် စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး စာရေးဆရာ ဉာဏ်ဝင်း (ပင်လည်ဘူး) က ငွေစာရင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ မြို့နယ်စာရေးဆရာအသင်း အမှုဆောင်ကော်မတီကို ဖျက်သိမ်းပြီး ၂၀၂၀-၂၀၂၁ မြို့နယ်စာရေးဆရာအသင်း အမှုဆောင်ကော်မတီကို ပြန်လည် ရွေးချယ် တင်မြှောက်ဖွဲ့စည်းကြရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးတို့ကို ယခင်အတိုင်း ပြန်လည် ရွေးချယ်တင်မြှောက် ဖွဲ့စည်းခဲ့ကြပြီး အခမ်းအနား သို့ တက်ရောက်လာကြသည့် မြို့နယ်စာရေး ဆရာများ၊ စာပေဝါသနာရှင်များက မြို့နယ် အတွင်း မျိုးဆက်သစ်စာပေဝါသနာရှင်များ မွေးထုတ် ပေးနိုင်ရေး၊ စာပေဟောပြောပွဲများတွင် အရောင်သွေးများ မပါရှိစေရေး၊ ကဗျာ၊ စာပေများ ရေးဖွဲ့နည်း သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ စာဖတ်ဝိုင်းများ၊ စာပေပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
မျိုးလွင်(ပင်လည်ဘူး)