မင်းဘူးမြို့၌ ဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရှိ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး

မင်းဘူး          ဩဂုတ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရှိ သဘာဝ ဘေးဒဏ်သင့် ဒေသခံပြည်သူများ လတ်တလော သက်သာချောင်ချိမှု ရှိစေရေးအတွက် ထောက်ပံ့ပေးအပ်သော ကူညီကယ်ဆယ်ရေး ပစ္စည်းများထားရှိရာ သိုလှောင်ရုံသို့ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ လိုက်ပါကာ ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကယ်ဆယ်ရေးပစ္စည်းများထားရှိရာ သိုလှောင်ရုံ၌ ကယ်ဆယ်ရေး ပစ္စည်းများ လက်ခံရရှိမှု၊ ထုတ်ယူသုံးစွဲမှု၊  လက်ကျန်ပစ္စည်း စာရင်းများနှင့် ကူညီထောက်ပံ့ပေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြရာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းနှင့် ဝန်ထမ်းများက လိုက်လံရှင်းလင်း ပြသခဲ့ပြီး သဘာဝဘေးဖြစ်ပွားလာပါက ဒေသခံပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်း စစ်ဆေးထောက်ပံ့မှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

 

အဆိုပါ သိုလှောင်ရုံတွင် တာပေါ်လင်(မိုးကာ)၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ပန်းကန်ပြား၊ ရေခွက်၊ ဆပ်ပြာနှင့် ပလတ်စတစ်ပုံများ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း အမျိုးပေါင်း (၁၇)မျိုး၊ အစုံ(၃၀၀)ကျော်ကို အရန်သင့်ထားရှိကြောင်း၊ ထို့အပြင် မင်းဘူးခရိုင် အတွင်း လေဘေး၊ မီးဘေး၊ ရေဘေး၊ ကမ်းပြိုဘေး စသည့် သဘာဝဘေးဒဏ်သင့် အိမ်ထောင်စု များအတွက် ဘေးအမျိုးအစား ပေါ်မူတည်ပြီး ထောက်ပံ့ငွေများအပြင် အရေးပေါ်အစားအစာ ဖြစ်သော ခေါက်ဆွဲခြောက်နှင့် ရေသန့်များကိုလည်း အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့ ပေးလျက်ရှိကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းထံမှ သိရသည်။

မောင်မောင်(မင်းဘူး)