မြို့သစ် သြဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် (၉)နာရီအချိန်ကစ၍ မြို့သစ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့်ပြည်သူများအား ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
တမူးခရိုင်၊ မြို့သစ်မြို့အနေဖြင့် တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်အတွက် ဩဂုတ်လ(၁၇)ရက်နေ့တွင် ကာကွယ်ဆေးအလုံးရေ(၁၈၀)ရရှိပြီး လူဦးရေ (၃၆၀)ဦးအား ထိုးနှံနိုင်မည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မြို့သစ်မြို့အုပ်ချုပ်ရေးမှူး ဦးရဲဇော်မင်းနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)