ဧရာဝတီတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်လုပ်ငန်း ဆောင်ရွက်ချက်အခြေအနေအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ

ပုသိမ်  ဩဂုတ် ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့ ညနေ(၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား ဧရာဝတီတိုင်းဒေသကြီးအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ပန်းခင်းစီမံချက် လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ချက် အခြေအနေများကို ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တာဝန်ရှိ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်သန်းမှ ပန်းခင်းစီမံချက်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြရာတွင် နိုင်ငံတော်အစိုးရ အဖွဲ့၏လမ်းညွှန်ချက်၊ ဧရာဝတီတိုင်းအတွင်း အိမ်ထောင်စုစာရင်းဇယားနှင့် နိုင်ငံသားကတ်မရှိသူများအား ဆောင်ရွက်ပေးရမည့် လုပ်ငန်းပမာဏ၊ ကာလအပိုင်းအခြား အလိုက် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ လုပ်ငန်းပမာဏအလိုက် ဆောင်ရွက် ရမည့်အရေအတွက်နှင့် ပန်းခင်းစီမံချက် လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက် အစရှိသည်တို့ကို Power Point ဖြင့်ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

 

မြင့်ဟန်