ကျွန်းစု ဩဂုတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ပြည်သူများသုံးစွဲလျက်ရှိသည့် ဆေးဝါးများကို သိုလှောင်ပြီး ဈေးကစားခြင်းမရှိစေရေး၊ ပြည်သူလူထု အသုံးလိုသည့်အခါ အလွယ်တကူ ဝယ်ယူနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ဆေးဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျွန်းစုမြို့နယ်တွင် အများပြည်သူသုံးစွဲလျက်ရှိသည့် ဆေးဝါးများအား သိုလှောင်ပြီး ဈေးကစားခြင်း မရှိစေရေး၊ ပြည်သူများအနေဖြင့် ဆေးဝါးများအား အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေးတို့အတွက် မြို့နယ်အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်းတည်ငြိမ်ရေးထိန်းချုပ်မှု ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်း ဦးဆောင်၍ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး၊ မြို့မရဲစခန်းမှ ဒုရဲအုပ်သန်းနုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က မြို့ပေါ်ရပ်ကွက်များ၌ ရောင်းချလျက်ရှိသော ဆေးဆိုင်(၃)ဆိုင်တို့အား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျွန်းစုမြို့နယ်တွင် ဆေးဝါးရောင်းချမှုအနေဖြင့် ဆေးဆိုင်ကြီးများမရှိပဲ ဆေးဆိုင်ငယ်များမှ အိမ်သုံးဆေးဝါးများအား မြိတ်မြို့ရှိ ဆေးဆိုင်ကြီးများမှ တစ်ဆင့် မှာယူရောင်းချလျက်ရှိပြီး ဆေးများအား ရောင်းချမှုရပ်နားကာ ဆေးဝါးများအား သိုလှောင်၍ ဈေးနှုန်းကြီးမြှင့်အောင် ဆောင်ရွက်မှုများ မရှိကြောင်းနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်းတည်ငြိမ်ရေး ထိန်းချုပ်မှုကော်မတီအား ဖွဲ့စည်းထားရှိပြီး ဖြစ်ကာ အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်းများ တိုးမြှင့်ရောင်းချမှု မရှိစေရေးအတွက် ပုံမှန် စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်းတိုးမြှင့်ရောင်းချသောဆိုင်များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်