ဘုတ်ပြင်း ဩဂုတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေ သည့် ကာလဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ် ၊ ကုသရေးဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ သာမန်ဈေးနှုန်းထက် အဆမတန်ရောင်းချခြင်းမရှိစေရန် ရည်ရွယ်၍ မြို့ပေါ် ရပ်ကွက်ရှိ ဆေးဆိုင်များဈေးနှုန်းမှန်ကန်စွာရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က တာဝန်ရှိသူများက စစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းဦးဆောင်သည့် အဖွဲ့က မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များအား ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ဆေးဝါး များရောင်းချရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်ချရေး၊ ဈေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့်အထောက်အကူပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာ ရောင်းချရန် ဈေးနှုန်းမြှင့်စေရန် ရည်ရွယ်၍ သိုလှောင်ထားခြင်းများ မပြုလုပ်ရန်နှင့် နေစဉ်ဖွင့်လှစ် ရောင်းချနိုင်ရေးတို့အတွက် စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့ပေါ်တွင် ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၇)ဆိုင်ရှိပြီး လက်လီရောင်းချသည့် ဆိုင်များဖြစ်၍ စစ်ဆေးသည့်နေ့တွင် ဆိုင်ပိတ်ထားခြင်းမရှိဘဲ ပုံမှန်ဖွင့်လှစ်ရောင်းချလျက် ရှိကြောင်း သိရသည်။