ဝေါလေမြိုင်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဝေါလေမြိုင် ဩဂုတ် ၁၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် ပထမအကြိမ် မဲစာရင်းကြေညာပေးခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့ထိ ကြေညာပေးခဲ့ ပြီးနောက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဩဂုတ်လ ၁၄ ရက်နေ့အထိ ၇ ရက်ထပ်မံ ကြေညာပေးခဲ့ရာ ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုကြရန် အသိပညာပေးခြင်းအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် "မဲစာရင်းတွင် သင့်နာမည် ပါဝင်သလား" ပိုစတာနှင့် လက်ကမ်းစာစောင်များကို  ယနေ့နံနက် ၈ နာရီက လူစည်ကားရာနေရာများတွင် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝေါလေမြိုင်မြို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက မဲပေးခွင့်ရှိသူအနေဖြင့် မိမိနာမည်မပါဝင်ပါက ပုံစံ (၃) ကို ဖြည့်စွက်၍ မဲစာရင်းများကပ်ထား ကြေညာပြီး ၁၄ ရက်အတွင်း ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲထံသို့ လျှောက်ထားပေးရန်၊ မပါဝင်သင့်သူတစ်ဦး မဲစာရင်းတွင် ပါဝင်နေပါက ပုံစံ(၄)ကိုဖြည့်စွက်၍ ကန့်ကွက်လျှောက်ထားပေးရန်၊ မဲဆန္ဒရှင်စာရင်းပါ မိမိ၏အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ကို ဖြည့်စွက်ပယ်ဖျက်ခြင်းများဆောင်ရွက်ရန်နှင့် မဲဆန္ဒရှင်စာရင်းများတွင် မိမိအမည် ပါ/မပါ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်ကြည့်ရှုကြရန် စသည့်အချက်များပါဝင်သော ပိုစတာနှင့် လက်ကမ်းစာစောင် များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)