မအူပင် သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ကိုဗစ် - ၁၉ရောဂါ ကူးစက်မှု မြင့်မားနေသည့် ကာလတွင်စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေး ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ် အရည် အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းအချိန်က မအူပင်မြို့အတွင်းရှိ ဆေးဆိုင်၊ စျေးဆိုင်များအား ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့် ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည့်သူကျန်းမာရေးဦးစီးဌာန စည်ပင် သာယာရေးအဖွဲ့တို့မှ အဖွဲ့ဝင်များက မအူပင်မြို့ပေါ်ရှိဆေးဆိုင်၊ စျေးဆိုင်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီး၊ အဆိုပါ ဆိုင်များရှိ တာ ဝန်ရှိသူများအား ကူးစက်ရောဂါကာကွယ် ကုသရေး အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး၊ ဆေးဂိုဒေါင်ရုံ၊ သိုလှောင်ရုံများထားရှိမှုမရှိရေးတို့ကို မှာကြားခဲ့ကြောင်းသိရသည်။
တင်သူဇာလှိုင်