ဘိုကလေးမြစ်-မော်ကျွန်းမြစ်-ရန်ကုန်မြစ် သုံးဂွဆိုင်တွင် ငါးသားပေါက်အကောင်ရေ (၆၈၀၀၀) စိုက်ထည့်

ဘိုကလေး  ဩဂုတ်  ၁၃

ငါးရိက္ခာဖူလုံစေရေးနှင့် ကြေးတိုင်အင်းများ ငါးစဉ်ဆက်မပြတ် ထုတ်လုပ်နိုင်စေရေးအတွက် ငါးသယံဇာတများ ထိန်းသိမ်းသည့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန၏ အစီအစဉ် နှင့်အတူ ဘိုကလေးမြစ်-မော်ကျွန်းမြစ်-ရန်ကုန်မြစ်ဆို့ဆုံရာ သုံးဂွဆိုင်တွင် ကြေးတိုင်အင်းများ၏ ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးကိုကိုလွင်၊ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြိုင်နှင့် ဌာနဆိုင်ရာများ အင်အား(၅၀)ခန့် တက်ရောက်ကြပြီး မြစ်အတွင်းသို့ ငါးတန်သားပေါက် အကောင်ရေ (၆၇၂၇၀)ကောင်၊ ငါးခုံမကြီး သားပေါက်အကောင်ရေ (၇၃၀)ကောင် စုစုပေါင်း ငါးသားပေါက် အကောင်ရေ (၆၈၀၀၀) စိုက်ထည့်ခဲ့ကြောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

မိုးစက်(ဘိုကလေး)