ကလေး ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ဆရာတော်သံဃာတော်များ၊ ခရစ္စယာန် ဂိုဏ်ပေါင်းစုံ သင်းအုပ်ဆရာ၊ ဆရာမ များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မဟာစည်သာသနာ့ရိပ်သာ၊ မြို့နယ်စုပေါင်းရုံး (OSS)၊ မြို့တော်ခန်းမနှင့် အခြေခံပညာအထက်တန်း ကျောင်း အမှတ်(၂) တို့တွင် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် (Sinopharn) ဖြစ်ပြီး ကလေးမြို့နယ်အတွက် ဆေးအလုံးရေ (၃၀၀၀) ရရှိ ခဲ့ရာ ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် လူဦးရေ (၆၀၀၀) ကို ဦးစားပေး အစီစဉ်ဖြင့် ဩဂုတ် ၁၆ ရက်နေ့မှ ဩဂုတ် ၁၈ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရ သည်။
ကာကွယ်ဆေးထိုးနှံပေးရာ စုရပ်နေရာအသီးသီးသို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ်(ကလေး)မှ တာဝန်ရှိသူများ၊ ကလေး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဆေးထိုးရန်လာရောက်သူ များကို စာရင်းသွင်းမှတ်တမ်းယူခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် စနစ်တကျနေရာယူစေခြင်းများနှင့် လိုအပ် သည်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ လူမှုကူညီရေး ပရဟိတ အသင်းတို့ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မောင်ကျော်