ထီးချိုင့် ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ယမန်နေ့ နံနက်(၉)နာရီမှ စတင်၍ မြို့နယ်အ-ထ-ကကျောင်းဝင်းအတွင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတု ကျောင်းဆောင်တို့တွင် အဖွဲ့(၂)ဖွဲ့ခွဲ၍ တရုတ်နိုင်ငံထုတ်( Sinopharm ) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ သံဃာတော်များအပါအဝင်၊ ဒေသခံ ပြည်သူများနှင့် နီကယ် စက်ရုံဝန်ထမ်း (၉၀၂)ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ လာရောက်ထိုးနှံလျက်ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ထီးချိုင့်မြို့နယ်အတွင်းရှိ ညောင်ပင်သာ၊ ကမ်းနီ၊ ချိတ်သင်၊ စံပြရပ်ကွက်၊ ဒိုးပင်၊ အလယ်တော၊ ကျောက်အိုက်၊ မောင်းကုန်း၊ ရေဝ၊ မြတောင်ကျေးရွာရှိ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးရန်ကျန်နေသူပြည်သူ ( ၉၀၂)ဦး လာရောက် ထိုးနှံကြပြီး ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရောက်ရှိမှုပေါ်မူတည်၍ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ် ဖွဲ့မှူးပြေဦးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးချမ်းမြေ့နိုင်၊ ဒေါ်နွယ်နွယ်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရပါသည်။
ထီးချိုင့်မြို့နယ်အနေဖြင့် တတိယအသုတ်ဆေးခွဲတမ်းရရှိခဲ့သည့် ဆေးလုံးရေ (၁၀၀၀)ကို လူဦးရေ (၂၀၀၀)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရပါသည်။
ရဲလင်းထွန်း ( ထီးချိုင့် )