မင်းဘူးမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများရှိ ဆေးသိုလှောင်ရုံ များသို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေး

မင်းဘူး ဩဂုတ် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနများရှိ ဆေးသို့ လှောင်ရုံများသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် စစ်ဆေးရေး အဖွဲ့ဝင်များက ယမန်နေ့ ညနေ ၄ နာရီအချိန်က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မင်းဘူးမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများရှိ ဆေးသိုလှောင်ရုံများတွင် ဆေးဝါးများ သုံးစွဲနေမှုအခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး လက်ကျန်များကို အအေးခန်းအတွင်း စနစ်တကျ သိုလှောင် ထိန်းသိမ်းထာရှိမှု အခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး အထောက်အကူပြုပစ္စည်း ထုတ်ယူသုံးစွဲမှုအခြေအနေများ၊ ဆေးဝါးနှင့် ဆေးပစ္စည်း အဝင်အထွက်စာရင်းများနှင့် သုံးစွဲ လက်ကျန်စာရင်း အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လှိုက်လံရှင်းလင်းပြသခဲ့သည်။

အဆိုပါ ရှင်းလင်းတင်ပြမှုအပေါ် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က လက်ကျန် ဆေးဝါးများနှင့် ဆေးပစ္စည်းများကို လေလွင့်ဆုံးရှုံးမှုမရှိစေရေး အလေးထား ဆောင်ရွက်ရန်နှင့် စနစ်တကျသုံးစွဲသွားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)