ထားဝယ်မြို့ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းကြည့်ရှု့စစ်ဆေး

ထားဝယ် သြဂုတ် ၁၆ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားနေသည့်ကာလတွင် စျေးကွက်အတွင်း ကူးစက်ရောဂါကာကွယ်၊ ကုသရေး၊ ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှတာဝန်ရှိသူများက ထားဝယ်မြို့အတွင်း ဆေးဆိုင်များအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှတာဝန်ရှိသူများက စျေးဆိုင်များမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြည်ပမှ တင်သွင်းသည့် လုပ်ငန်းရှင်များနှင့် ထုတ်လုပ်သည့် စက်ရုံများ၏ အခက်အခဲများ အခြေအနေ၊ စျေးကွက်အတွင်းဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်မှုရှိစေ ရေးစသည့်တို့ကို ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။ စျေးကွက်အတွင်း စျေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ တရား မဝင်ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်အသွေးနိမ့်ပစ္စည်းများရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည် ဥပဒေနှင့် တည်ဆဲဥပဒေများ အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ထံမှ သိရှိရသည်၊၊