မြိတ် ဩဂုတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူများနေ့စဉ် စားသုံးလျက်ရှိသည့် ကြက်ဥ/ကြက်သားများ ဈေးနှုန်းတည်ငြိမ်မှုရှိရေး၊ ကိုဗစ်ကာလအတွင်း ဈေးနှုန်းမြှင့်တက်မှု မရှိစေရေး၊ ဈေးနှုန်းများမှန်ကန်စွာ ရောင်းချ ရေးအတွက် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများရှိ အရောင်းဆိုင်များအား ယနေ့ နံနက်ပိုင်းက မြို့နယ်အခြေခံ စားသောက်ကုန်နှင့်ဆေးဝါးများ ဈေးနှုန်းတည်ငြိမ်မှုထိန်းချုပ်ရေးကော်မတီ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်း ဆင်းစိစစ်ဆောင်ရွက်ခဲ့ကြသည်။ “အဓိကအားဖြင့် ရပ်ကွက်ထဲတွေမှာ ကြက်ဥ တစ်လုံး(၂၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းမြှင့်စွာရောင်းချနေတာ ကြားနေရပါတယ်။
ဈေးတွေမှာ ကွင်းဆင်းစိစစ်တဲ့အခါမှာ ကြက်ဥ ဈေးတွေသည် (၁၅၀)ကျပ်နှင့် (၁၇၀)ကြားထဲ မှာ ရောင်းချနေတာ စိစစ်သိရှိရပါတယ်။
အလားတူ ကြက်သားဈေးနှုန်းတွေမှာလည်း များသောအားဖြင့် ပိဿာ ချိန်နဲ့ ရောင်းတာမဟုတ်ဘဲနဲ့ အခြမ်းလိုက်အကောင်လိုက် ရောင်းနေတာရှိပါတယ်။ ကြက်ခြံတွေမှ ဝယ်တဲ့ဈေးနှုန်း ကတော့ တစ်ပိဿာကို ပျှမ်းမျှအားဖြင့် (၃၃၀၀)ကျပ်ရှိပြီး ဈေးတွေမှာ ရောင်းချနေတဲ့ဈေးနှုန်းက (၄၅၀၀)ကျပ် မှ (၅၅၀၀)ကျပ်အတွင်းရောင်းချနေတာ စိစစ်တွေ့ရှိရပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကြည်စိုး က ပြောသည်။ မြိတ်မြို့အနေဖြင့် လူဦးရေထူထပ်ပြီး ပြည်သူများမှ အခြေခံစားကုန်များဖြစ်သည့် ဟင်းသီးဟင်းရွက်နှင့် သားငါးများကို နေ့စဉ်စားသုံးလျက်ရှိရာ ထုတ်ကုန်များ ဈေးကွက်သို့ လျင်လျင်မြန်မြန်ရောက်ရှိရေး၊ ကျန်းမာ သန့်ရှင်းသည့် အစားအသောက်များရရှိရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့်ပတ်သက်ပြီး စားသောက်ကုန် များကို ထုတ်လုပ်သည့်အပိုင်းနှင့် ရောင်းချသည့်အပိုင်းများတွင် စနစ်တကျဖြစ်စေရေးအတွက် သက်ဆိုင်ရာမှ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူများ နေ့စဉ်စားသုံးလျက်ရှိသည့် ကြက်ဥ/ကြက်သားများကို ဒေသတွင်း တနိုင်တပိုင် မွေးမြူရေး သူများ၊ မွေးမြူရေးခြံရှင်များ၊ ကုမ္ပဏီမွေးခြံများဖြင့် မြိတ်မြို့နယ်အတွင်း ကြက်ဥ/ကြက်သားများကို မွေးမြူ ထုတ်လုပ်လျက်ရှိကြရာ အသားစားကြက် မွေးမြူရေးခြံအနေဖြင့် (၁၄၀)ခြံရှိ၍ မွေးမြူထားသည့် ကြက်အကောင် ရေ(၁၆၂၀၀၀)ကောင်နှင် ဥစားကြက်မွေးမြူရေးခြံအနေဖြင့် (၅၃)ခြံရှိ၍ ကြက်အကောင်ရေ (၂၂၉၁၅၀)ကောင် မွေးမြူလျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး