စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့မှစတင်၍ အင်းတော်မြို့ အောင်ဇေယျ ရပ်ကွက်ရှိ သံဃာ့ဆေးရုံ တွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေ အထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ ၁၆ ရက်နေ့မှ စတင်၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး Sinopharm ကာကွယ်ဆေး အလုံးရေ ၁၀၀၀ လုံး ( လူဦးရေ ၂၀၀၀ ဦး ) အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အင်းတော်မြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ယခုအကြိမ်နှင့်ပါဆိုလျှင် စတုတ္ထ အကြိမ်မြောက် ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် COVID Shield ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ (၁၈၀)လုံး (လူဦးရေ ၁၈၀၀ ဦး)၊ ဒုတိယအကြိမ်အဖြစ် COVID Shield ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ (၁၈၀) လုံး (လူဦးရေ ၁၈၀၀ ဦး)တို့အား ဆရာတော်ကြီး များနှင့် သီလရှင်များ၊ ပြည်သူ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ စေတနာ့ ဝန်ထမ်းများအား လည်းကောင်း၊ တတိယအကြိမ်အဖြစ် Sinopharm ကာကွယ်ဆေး အလုံးရေ ( ၁၀၀၀ ) လုံး (လူဦးရေ ၂၀၀၀ ဦး)နှင့် Sinopharm ကာကွယ်ဆေး အလုံးရေ ( ၂၆၀ ) လုံး ( လူဦးရေ ၂၆၀ ဦး) ထိုးနှံပေးခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါကာကွယ်ဆေးထိုးနှံသည့်နေရာသို့ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများက လိုအပ်သော ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်သီဟ