တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ဆက်လက်ထိုးနှံပေး

တောင်ငူ ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ဦးတည်အုပ်စုများ အဖြစ် စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများနှင့် ဈေးသူ/ဈေးသားများ၊ ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ် နေရာ လေးနေရာ၌ တစ်ပြိုင်တည်း ထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ကာကွယ်ဆေးမထိုးမီ တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊  သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးပြီး  လူဦးရေ (၁၀၀၀) ခန့်အား ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဌေးမင်းထံမှ သိရသည်။

 

တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာ၌ ဦးစားပေး ဦးတည်အုပ်စုများအဖြစ် ထေရ်ကြီးဝါကြီး ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/ အလုပ်ရုံများနှင့် ဘဏ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်း ကျန်းမာရေးအဖွဲ့များ အပါအဝင် လူဦးရေ (၁၀၈၆၅) ဦးအားပထမအကြိမ် ကာကွယ်ဆေးထိုးထားရှိပြီး အဆိုပါ ထိုးနှံပြီးစီးသူများအား သတ်မှတ်ရက်၌ ဒုတိယအကြိမ်ကာကွယ်ဆေး ထပ်မံထိုးနှံပေးခြင်းများအား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။