ထားဝယ် သြဂုတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်လျက်ရှိသည့် လူမှုရေးအဖွဲ့အစည်းများနှင့် Quarantine Centre အသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် လူငယ် Vilunteer များအား လုပ်ငန်းများ ပိုမြိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန် ကြီးကြပ်မှု နှင့်အတူ တိုင်းဒေသကြီး လူမှူဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သည့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ အထောက်အကူပြု သင်တန်း ကို ယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာန များမှ သင်တန်း နည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ဝန်ကြီးက သင်တန်းတက်ရောက်ကြသည့် လူငယ်မောင်မယ်များအနေဖြင့် ပရဟိတ လုပ်ငန်းများ ဆောင်ရွက်ကြရသည့်အားလျော်စွာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအပါအဝင် လူမှူကူညီရေး၊ ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းများဆောင်ရွက်ကြရာ၌ လူမျိုးဘာသာ မခွဲခြားပဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ စနစ်တကျဖြင့်ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မွန်မြတ်သောလုပ်ငန်းကို မွန်မြတ်သောစိတ်ဓါတ်ဖြင့် အပင်ပန်းခံဆောင်ရွက်ကြရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်လိုစိတ်ရှိသော လူငယ်မောင်မယ်များကို ကျေးဇူးတင်ရှိပါကြောင်း၊မေတ္တာစိတ်၊ကရုဏာစိတ်၊ မုဒိတာစိတ် တို့ဖြင့် ရောဂါဝေဒနာရှင်များအား သောကကင်းဝေးပြီး ကိုဗစ်ရောဂါကြီးက အောင်မြင်စွာကျော်လွှားနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းသို့ ထားဝယ်ခရိုင်အတွင်း မြို့နယ်များနှင့်ကျေးရွာများမှ လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက် လျက် ရှိသော လူငယ်မောင်မယ်များနှင့် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်Volunteer များဖြစ်သည့် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးအပြင် တက်ရောက်လေ့လာသူလူငယ်မောင်မယ်များ စိတ်ပါဝင် စားစွာ လာရောက်တက်ရောက်ခဲ့ကြပြီး ကျန်းမာရေး၊ လူမှူရေးနှင့်သက်ဆိုင်သော အထောက်အကူ ပြုလုပ် ငန်းများအပြင် မြေပြင်လက်တွေ့ဆောင်ရွက်ချက်များကိုပါ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း၊ သင်တန်း ကာလ မှာ ယနေ့ ညနေ ၄ နာရီအချိန်ထိ တစ်ရက်တာ သင်တန်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ Quarantine Centre အသီးသီးတွင်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီး ပြန်/ ဆက်