တောင်ငူ ဩဂုတ် ၁၃
၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တောင်ငူခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်တင်သွင်းလွှာများ စိစစ်ခြင်းကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့ နံနက် ၁၀ နာရီမှ စတင်၍ တတိယနေ့ အဖြစ် စိစစ်ဆောင်ရွက်ခြင်း များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တောင်ငူခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်(၇)ဦးက ယမန်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းနေရာအတွက် အမည်တင်သွင်းလွှာ တင်သွင်းသူ (၂၂)ဦး တို့၏ ရှေ့မှောက်တွင် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းအလိုက် အမည် စာရင်းတင်သွင်းလွှာတွင် ဖော်ပြထားသော အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်တို့ မှန်ကန်ခြင်းရှိ/မရှိ၊ မူရင်းများ တင်ပြနိုင်မှုနှင့် မြန်မာနိုင်ငံတွင် တစ်ဆက်တည်း ၁၀ နှစ် နေထိုင်ခြင်း ရှိ/မရှိများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း စိစစ်ခဲ့သည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်ခြင်းကို ဩဂုတ်လ(၁၁)ရက်နေ့မှ (၁၇)ရက်နေ့ အထိ စိစစ်သွားမည်ဖြစ်ပြီး သြဂုတ်လ ၁၁ ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အတွက်(၁၂) ဦးကို စိစစ်ခဲ့ကြောင်း၊ တောင်ငူခရိုင်တွင် နိုင်ငံရေးပါတီ(၁၅)ပါတီ၊ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု(၁)ဦးရှိပြီး တတိယနေ့အဖြစ် ကျန်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တင်သွင်းသူ(၈)ဦးအား စိစစ်လျက်ရှိကြောင်း တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
တောင်ငူခရိုင်အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၃၀)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၁၂)ဦး၊ တိုင်းဒေသ ကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၈) ဦး၊ တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၈)ဦး စုစုပေါင်း (၁၁၈)ဦး အမည် စာရင်းတင်သွင်းထားကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ခရိုင် ပြန်/ဆက်