ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကျုံပျော်မြို့ ကိုဗစ်-၁၉ ကာကွယ်ကုသ ရေးအတွက် ပစ္စည်းများလှူဒါန်းပြီး အောက်ဆီဂျင် စက်ရုံတည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှု

ကျုံပျော် ဩဂုတ် ၁၆
 
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်‌အောင်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ ညနေ ၃ နာရီက ကျုံပျော်မြို့ ကိုဗစ်-၁၉ ကာကွယ် ကုသရေးအတွက် ပစ္စည်းများလှူဒါန်းပြီး အောက်ဆီဂျင် စက်ရုံတည်ဆောက်မည့် နေရာအား သွားရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်‌နှင့်တာဝန်ရှိသူတို့သည် မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်ဇော်မိုးက ကျုံပျော်မြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်ပေးမှုအခြေအနေနှင့် လက်ရှိ ကို‌ဗစ် - ၁၉ ကာကွယ်ကုသရေး လုပ်ငန်း ဆောင်ရွက်မှု အခြေအနေတို့အား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် Oxygen Concentrator(၂)လုံး၊ ငွေ(၅) သိန်းကျပ်၊ Goggles (၅၀)ခု၊ စားသောက်ကုန်နှင့် ဆေးဝါးများ၊ PPE ဝတ်စုံ(၅၀)၊ Surgical Mask(၂၅၀၀)ခု၊ ခေါက်ဆွဲခြောက်ထုပ်၊ ဘီစကစ်နှင့် ကြက်ဥများအား ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့က လက်ခံ ရယူခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် အောင်ဆန်းရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည့် နေရာအား သွားရောက်ကြည့်ရှုရာ၊ မြို့နယ်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတို့က စက်ရုံတည်ဆောက်၍ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ် ကုသရေး လုပ်ငန်းများတွင် ပရဟိတ အဖွဲ့များက စေတနာအပြည့်ဖြင့် ကူညီဆောင်ရွက် ပေးကြသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်းနှင့် ရောဂါကာကွယ်ရေးအတွက် အများပြည်သူ သိရှိနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ရာတွင်လည်း ကူညီပါဝင်နိုင်ရေးတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။