တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊
ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီးဒေါက်တာအောင်သိုက်ထွန်းသည် ယမန်နေ့ မွန်းလွှဲ၂ နာရီအချိန်ခန့်က မြို့နယ်ပြည်သူ့ဆေးရုံမှ သိန်ခွန်းကျေးရွာအုပ်စု သဲဖြူကျေးရွာနှင့် မောတောင် တိုက်နယ်ဆေးရုံသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီးသည် သဲဖြူကျေးရွာ နာနတ်သီးစိုက်ပျိုးရေးခြံ Quarantine Centre အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိလူနာနှင့် ထိစပ်သဖြင့် Facility Quarantine အသွားအလာကန့်သတ်၍ ကျန်းမာရေးစောင့်ကြပ်ထားသော ခြံအလုပ်သမား(၄၇)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအတိုင်း တိတိကျကျ လိုက်နာရေးအတွက် ၎င်းခြံတာဝန်ခံဦးစိုင်းနှင့် တာဝန်ရှိသူများကို တွေ့ဆုံမှာကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask (၄)ထုပ်၊ Hand sanitizer (၅)ခု၊ ကာဘော်လစ်ဆပ်ပြာတစ်ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးသည် (၁၆)ကုတင်ဆံ့ မောတောင်တိုက်နယ်ဆေးရုံသို့ သွားရောက်၍ တာဝန်ခံဆရာဝန် ဒေါက်တာသီဟအောင်နှင့် ဆရာမများ၊ မောတောင်မြို့ ရပ်မိ ရပ်ဖများနှင့်အတူ မောတောင်တိုက်နယ် ဆေးရုံသီးသန့်လူနာကုသဆောင်၊ မောတောင်ကျေးလက်ကျန်းမာရေးဌာနနှင့် မောတောင်မြို့အားကစားခန်းမ ကိုဗစ်-၁၉ Positive Centre များအတွင်းရှိ ကိုဗစ်ရောဂါပိုးတွေ့လူနာများ အခြေအနေနှင့် နောက်တိုးရောဂါပိုးတွေ့ရှိပါက လူနာများထားရှိနိုင်ရေး ပြင်ဆင်ထားရှိမှုနေရာများကို ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ