ပွင့်ဖြူ ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်အခက်အခဲမဖြစ်စေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေး အသင်းနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ စကားဝါလမ်းထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ၂၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကာ စက်တင်ဘာဒုတိယပတ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါ အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးအောင်မျိုးဆက် ထံက သိရသည်။
အဆိုပါ အကောင်အထည်ဖော် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက် လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ၊ ယင်း အောက်ဆီဂျင်စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော် ရှိကြောင်း ၊ လိုအပ်သော စက်ရုံတည် ဆောက်ခြင်းနှင့် အခြားစပ်ဆက်လုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းနှင့် မြို့မိ မြို့ဖများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် သိန်း ၇၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ ယင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေး အတွက် မြေနေရာအား ပွင့်ဖြူမြို့နေ အလှူရှင် ဒေါက်တာထွန်းထွန်း က စက်ရုံလည်ပတ် ဆောင်ရွက်နေသည့်ကာလ တစ်လျှောက် အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း ၊ ထို့အပြင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရာတွင် လိုအပ်သော အုတ် ၊ သဲ ၊ ကျောက်ပစ္စည်းများကိုလည်း မြို့နယ်အတွင်းရှိ အုတ် ၊ သဲ ၊ ကျောက် လုပ်ငန်းရှင်များက ကူညီပံ့ပိုးလှူဒါန်း ပေးနေကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအခြေအနေအား ယနေ့ညနေ ၃ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်ရှိ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားနာမကျန်း လူနာများအတွက် ဆောက်လုပ်နေသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ တည်ဆောက်ပြီးစီးနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုးအလုံးရေ ၁၂၀ ခန့် ထုတ်လုပ်ရရှိမည် ဖြစ်သဖြင့် မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြား နာမကျန်းလူနာများအတွက် လိုအပ်သော အောက်ဆီဂျင်အား အဆင်ပြေချောမွေ့စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် အခြားအနီးဝန်းကျင် မြို့နယ်များမှ ပြည်သူများအတွက် လိုအပ်သော အောက်ဆီဂျင်အား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ကြောင်း အဆိုပါ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့မှအဖွဲ့ဝင် ဒေါက်တာထွန်းထွန်းထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)