ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

ရေတာရှည်  ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေးအတွက်  ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဥက္ကာသန်းနှင့် တာဝန်ရှိသူများက ယမန်နေ့မနက်ပိုင်း က ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များသည် မြို့နယ်အတွင်း အဝင်အထွက်နေရာများရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်များသို့ သွားရောက်ကာ နေ့စဉ် ယာဉ်ဝင် ယာဉ်ထွက် စစ်ဆေးဆောင်ရွက်နေမှုများအား ကြည့်ရှုကာ ဂိတ်များအတွင်း တာဝန်ကျ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ခဲ့ သည်။

ဆက်လက်၍ အဆိုပါအဖွဲ့သည် ဘိုးတော်ကုန်းကျေးရွာအုပ်စုရှိ အသားတိုး ကြက်မွေးမြူရေးခြံသို့ သွားရောက်ကာ မွေးမြူထားရှိမှု အခြေအနေများ၊ အသားတိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းမြင့်မားစွာ ရောင်းချခြင်း မပြုလုပ်စေရေး၊ အသွားအလာကန့်သက်ဆောင်ရွက်နေသည့် ကာလအတွင်း ကျေးရွာများအရောက် နယ်လှည့်အရောင်းဆိုင်ဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေးနှင့် ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင် ဆောင်ရွက်သွားစေရေးတို့အတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ရေတာရှည်မြို့နယ် မြို့လှမြို့  ချောင်းမကြီးရေလှောင်တမံသို့သွားရောက်ကာ ရေထွက် စနစ်များ ကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး တာတမံထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများႏနှင့် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား မှာကြား ခဲ့ကြောင်း သိရသည်။

ထို့နောက်  ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင်ပေးရန် လိုအပ်သည့် လူနာများ သီးသန့်ဆောင်တွင်ထားရှိရန် ပြင်ဆင်နေမှုနှင့် ဆေးရုံတွင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် တွေဆုံကာ တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးဆု