ထီးချိုင့်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အလှည့်ကျ စနစ်ဖြင့် ဆက်လက် ထိုးနှံပေး

ထီးချိုင့် ဩဂုတ် ၁၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် တရုတ်နိုင်ငံထုတ် (Sinopharm )  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီမှ စတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများအား  အလှည့်ကျစနစ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ အထကကျောင်းဝင်းအတွင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတုကျောင်းဆောင်တို့တွင် အဖွဲ့(၂)ဖွဲ့ခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်။

               ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ဆေးလာရောက် ထိုးနှံသူများအား သတ်မှတ်နေရာများတွင် နေထိုင်စေကာ စာရင်းမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများကို  ထိုးနှံပေးခဲ့ပါသည်။

               ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှရဲမှူးပြေဦးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူးဦးချမ်းမြေ့နိုင်၊ ဒေါ်နွယ်နွယ်ထွန်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ လာရောက်ကြည့်ရှု၍ အားပေးစကား ပြောကြားခဲ့ပါသည်။

               ထီးချိုင့်မြို့နယ်အတွင်းရှိ အောင်ဇေယျာရပ်ကွက်၊ ကြက်သွန်ခင်း၊ ကျောက်အိုက်၊ အလယ်တော၊  ကွင်းကြီး၊ ကွမ်းဘောင်၊ ဇီးသောင်၊ ကြက်တကောင်၊ ဘုရင့်နောင်ရပ်ကွက်၊ တောမ၊ ဖက်တဲ၊တည်တော၊ ကန်ပေါက်၊ မရသိမ်ကျေးရွာတို့မှ  အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးရန်ကျန်နေသူပြည်သူ ( ၅၇၆ ) ဦးလာရောက်ထိုးနှံကြပြီး ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရောက်ရှိမှု အပေါ်မူတည်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

 ရဲလင်းထွန်း