ပုသိမ် သြဂုတ် ၁၅
ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကြောင်းနှင့် မိသားစုဝင် ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဘဏ္ဍာငွေရရှိစေရန်စသည့် ဦးစီးဌာန၏မူဝါဒနှင့် အညီ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ယမန်နေ့က သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးရုံး၊ ပြည်အေးခန်းမ၌ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယ နှစ်စက်ဝန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအား ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီကျင်းပခဲ့ကြသည်။
အခမ်းအနားတွင် သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝတ်ရည်စိုးက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျေးရွာကော်မတီဝင်များက စီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါကျေးရွာ မတည်ရံပုံငွေများကို ဆိပ်ကြီးကျေးရွာ၊အောင်တပ်ကျေးရွာ၊ သင်္ကန်းပင်ဆိပ်ကျေးရွာနှင့် သပြေကျွန်းကျေးရွာတို့မှ အသင်းသူအသင်းသားများမှ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းများအတွက် လုပ်ငန်းအမျိုးအစားအလိုက် အသင်းသား(၄၀၄)ဦးတို့အတွက် ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယနှစ်စက်ဝန်းရန်ပုံငွေကျပ် (၁၀၂.၈)သန်းကို ပေးအပ် ထောက်ပံ့ခဲ့ရာ ကျေးရွာများမှ သက်ဆိုင်ရာကျေးရွာကော်မတီဝင်များက လက်ခံရယူခဲ့ကြ ပြီးနောက် ကျေးရွာကော်မတီဝင်များက ကျေးရွာအလိုက် အသင်းသားများထံသို့ ပြန်လည်ထုတ်ချေးခြင်းများ ဆောင်ရွက်ခဲ့ရာ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဝန်ထမ်းများက ဆက်လက်ကြီးကြပ် ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန်