ပုသိမ် သြဂုတ် ၁၅
ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကြောင်းနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဘဏ္ဍာငွေရရှိစေရန် စသည့် ဦးစီးဌာန၏မူဝါဒနှင့်အညီ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယနှစ်စက်ဝန်းရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲအား ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့က သာပေါင်းမြို့နယ် စီမံ အုပ်ချုပ်ရေးရုံး၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သာပေါင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝတ်ရည်စိုးက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားကာ ကျေးရွာကော်မတီဝင်များက သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ ကျေးရွာမတည် ရံပုံငွေများကို ဆိပ်ကြီးကျေးရွာ၊ အောင်တပ်ကျေးရွာ၊ သင်္ကန်းပင်ဆိပ်ကျေးရွာနှင့် သပြေကျွန်းကျေးရွာတို့မှ အသင်းသူ အသင်းသားများမှ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်းများစသည့် လုပ်ငန်းအမျိုးအစားအလိုက် အသင်းသား(၄၀၄)ဦးတို့အတွက် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) ဒုတိယနှစ်စက်ဝန်း ရန်ပုံငွေကျပ် (၁၀၂.၈)သန်းကို ပေးအပ်ထောက်ပံ့ခဲ့ရာ ကျေးရွာများမှ ကော်မတီဝင်များက လက်ခံရယူခဲ့ကြပြီး ကျေးရွာကော်မတီဝင်များက ကျေးရွာအလိုက် အသင်းသားများထံသို့ ပြန်လည်ထုတ်ချေးခြင်းများ ဆောင်ရွက်ခဲ့ရာ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြီးကြပ် ထုတ်ပေးခဲ့ကြောင်း သိရသည်။
မြင့်ဟန်