သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း ငါးသားပေါက် ငါးမျိုးများ စိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ပုသိမ်    ဩဂုတ်    ၁၅

ငါးလုပ်ငန်းဦးစီးဌာနသည် ရေလုပ်သားများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးထုတ်လုပ်မှု တိုးတက် စေရန်၊ ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ သားစဉ်မြေးဆက် ငါးစားသုံးနိုင်စေရန်အတွက် သဘာဝ ရေပြင်အတွင်း ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက သာပေါင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ငဝန်မြစ်ကမ်းနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ တိုင်းဦးစီး မှူး ဦးသော်ထွန်းဦး၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ ခရိုင်ငါးမျိုးစိုက်ထည့်ရေး ကော်မတီဝင်များ၊ ခရိုင်အဆင့်ဝန်ထမ်းများ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ရေလုပ်ငန်းရှင်များ တက်ရောက်ကြပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးသိမ်းက ငါးမျိုး များ စိုက်ထည့်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၂ သိန်းနှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ တစ်သိန်း ငါးသောင်း၊ စုစုပေါင်း ငါးကောင်ရေ သုံးသိန်းငါးသောင်းအား ရေလုပ်ငန်းရှင်များထံသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ် လက်ခံရယူခဲ့ပြီး ငဝန်မြစ်အတွင်းသို့ စုပေါင်းကာ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

မြင့်ဟန်