မြင်းမူ ဩဂုတ်လ ၁၅
ကိုဗစ်ရောဂါဖြစ်ပွားပြီး အသက်ရှူဝေဒနာခံစားနေရသူများအတွက် ဆေးကုသမှုခံယူရန်အရေးပေါ် လိုအပ်လျှက်ရှိသည့် အောက်စီဂျင်စက်ရုံအား စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းခရိုင်မြင်းမူမြို့နယ်၊ ထီးဆောင်းစံပြကျေးရွာ ရွှေရတုတိပိဋက စက္ခုပါလမျက်စိ ဆေးရုံဝင်းအတွင်းအဆောက်အဦ စတင်တည်ဆောက်နေပြီဖြစ်ရာ မြင်းမူမြို့၊ အသောကရပ်ကွက်နေ အလှုရှင်ဒေါ်ခင်မမော်အားရည်စူး၍ ဦးမျိုးညွန့်(သမီး) မချစ်စု၊ မမိုးကြည်မိသားစုမှ ငွေကျပ်သိန်း(၁၅၀)လာရောက် လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
အောက်စီဂျင်စက်ရုံအား ရွှေရတုတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝံသာပါလာလင်္ကာရနှင့်တိပိဋကဓရ မြင်းမူဆရာတော် ဘဒ္ဒန္တပညာသီရိလင်္ကာရ ဆရာတော်နှစ်ပါးမှဦးဆောင်ကာ အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များ၏လှူဒါန်းမှုဖြင့်တည်ဆောက်ခြင်းဖြစ်ကြောင်း၊ စက်ရုံအဆောက်အဦ ၊ စက်ပစ္စည်းတန်ဖိုးနှင့်အခြားပစ္စည်းများဝယ်ယူရန်အတွက် ငွေကျပ်သိန်း(၁၀၀၀)ကျော် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုအခါစက်ရုံအကြမ်းထည် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း စက်ရုံတည်ဆောက်ရေးမှ တာဝန်ရှိသူ ဦးမျိုးလွင်ထံမှသိရှိရသည်။
ယခုတည်ဆောက်လျှက်ရှိသည့်အဆောက်အဦးမှာ အလျှား(၉၀)ပေနှင့် အနံ(၄၅)ပေရှိပြီးစက်ရုံမှ အောက်စီဂျင်ထုတ်လုပ်နိုင်မှုစွမ်းအားမှာ (၁)ရက်လျှင် လီတာ(၄၀)ပါ အောက်စီဂျင်အိုးအလုံး(၈၀)ရှိကြောင်းနှင့် ကိုဗစ်ရောဂါကုသရေးအတွက် များစွာ အထောက်အကူပြုနိုင် မည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)