ကျောက်ထု ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင် ၊ကျောက်ထုမြို့ ဒေသရှိ ဥယျာဉ်ခြံမြေများတွင် ဝဥ ကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရာ ( ဝဥ ) အရွက်သီးမျိုးစေ့ တစ်ပိဿာ လျှင် ( ၁၅၀၀၀ ) ကျပ်ဖြင့် အအေးပိုင်းဒေသရှိ ချင်းပြည်နယ် မှ တစ်ဆင့် ဝယ်ယူ စိုက်ပျိုးကြကြောင်း သိရသည်။
အဆိုပါ ဝဥ ကို ချီချောင်းမှရေသွယ်စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးကြပြီး ရေကို ရေပိုက်ဖြင့် သွယ်ယူရေသွင်းကာ စိုက်ပျိုးကြသည်။ စိုက်ပျိုးမည့်နေရာတွင် သဘာဝ မြေဆွေး၊နွားချေး နှင့် သဲ၊နုံး မြေ များကို ရောစပ်ပြီး တစ်ပင်နှင့် တစ်ပင် နှစ်ပေခြား၍ ဧပြီလ တွင် စတင် ပျိုးထောင်ကြသည်။
စိုက်ပျိုးခင်းတွင် ပေါင်းမြက်များ မရှိစေရန် အပင်ပေါက်များကို စပါးကောက်ရိုးများဖြင့် ဖုံးအုပ်ကြရပြီး အပင်များ ကြီးထွားအောင်မြင်စေရန်အတွက် ဘိုကာရှီ မြေဩဇာများ ပက်ဖြန်းပေးကြရ ကြောင်း စိုက်ပျိုးသူတစ်ဦးက ပြောကြားသည်။
ကျောက်ထုဒေသတွင် ဝဥ ကို ယခင်နှစ်က ဧက သုံးဆယ်ခန့် စမ်းသပ် စိုက်ပျိုးခဲ့ကြရာ အောင်မြင်သဖြင့် ယခုနှစ် မိုးရာသီကာလ တွင် ဧကပေါင်း ငါးဆယ်ခန့် တိုးချဲ့၍ စိုက်ပျိုးကြကြောင်း သိရသည်။
ထို ( ဝဥ ) မျိုးမှာ အဖြူမျိုးဥလုံး နှင့် အနီမျိုးဥလုံး ဟူ၍ နှစ်မျိုး ရှိသည်။ ( ဝဥ ) လုံးများ တူးဖော်ရာတွင် တစ်နှစ်တူးဖော်ခြင်း နှင့် နှစ်နှစ် ကာလ အတွင်း တူးဖော်ရောင်းချခြင်းဟု အပိုင်းခြားလျက် ( ဝဥ ) တစ်ပိဿာလျှင် ငွေကျပ် ( နှစ်ထောင့်ငါးရာ ) ဈေးနှုန်းဖြင့် ရောင်းချ သည်လည်းရှိကာ အခြောက်လှန်း အမှုန့်ကြိတ်၍ သရေစာ အစားအစာ အဖြစ် ထုတ်လုပ်ရောင်းချ သည်လည်းရှိကြောင်း သိရသည်။
မောဟေမာန်