ဝန်းသိုမြို့နယ် ချမ်းမြသီတာကျေးရွာတွင် ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ဝန်းသို ဩဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ချမ်းမြသီတာကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   ပြည်ထောင်စု(မွမ်းမံ) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေရရှိရေး လုပ်ငန်း၊ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းမှာ လက်ရှိအအချိန်တွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

"၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်လောက်က စက်ရေတွင်းအတွက် ဘတ်ဂျက်ချပေးပြီးပြီ၊ အဲဒီတုန်းက တွင်းတူးစက်တွေက ခေတ်မမီတော့တာလား၊ ဘာကြောင့်လည်းမသိဘူး၊ တွင်းမအောင်ခဲ့ဘူး၊ ဒီရွာမှာက စိမ့်စမ်းရေသွယ်ယူထားတာ ရှိတယ်၊ နွေရာသီဆိုရင် တစ်ရွာလုံးသုံးဖို့အထိ ရေမလုံလောက်ဖူး၊ ရွာထဲမှာ အများစုကတော့ လက်တူးတွင်းလေးတွေ ရှိကြပါတယ်၊ ရေစုကန်က ၂၀၁၅-၂၀၁၆ခုနှစ် ကတည်း ကလုပ်ပြီးသား ဂါလံ(၇၀၀၀) ဆံ့ လောက်ရှိတယ်၊ အဲ့ဒါကြောင့် ပြည်ထောင်စု (မွမ်းမံ) ရန်ပုံငွေနဲ့ ရေတွင်း ရေစက်ရုံတည်ဆောက်ဖို့ ထပ်မံဘတ်ဂျက်လျာပေးပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊   ယခုစက်ရေတွင်း အောင်သွားတော့ ကျေးရွာပြည်သူများအတွက် သောက်သုံးရေဖူဖူလုံလုံရရှိပြီး အဆင်ပြေသွားတာပေါ့" ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

ချမ်းမြသီတာကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို သိန်းသန်းရတီကုမ္ပဏီက တင်ဒါ အောင်မြင်ငွေ ကျပ် (၁၀.၂၀)သန်းဖြင့် လေးလက်မစက်ရေတွင်း ပေ(၄၀၀)နှင့် အလျား ၁၀ ပေ၊ အနံ ၈ပေ၊ အမြင့် ၈ပေရှိ ရေစက်ရုံတစ်ခုတို့ကိုရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် ကျေးရွာလေးရွာ၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကျေးရွာနှစ်ရွာ၊ ပြည်ထောင်စု(မွမ်းမံ) ရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာ စုစုပေါင်းကျေးရွာ( ၇)ရွာတို့တွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မြိုင်