မယ်စဲ့မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

မယ်စဲ့    ဩဂုတ်   ၁၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်) ရန်ပုံငွေဖြင့် ဌာနနှင့် ဟိုတယ်သီပေါ ကုမ္ပဏီတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့က မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် ကော်မတီဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်) ရန်ပုံငွေဖြင့် ဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်သော မယ်ဆည်နမ်ကျေးရွာ အာစီဘုရားရှိခိုးကျောင်း အဝင်လမ်း အရှည် ပေ ၁၃၀ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ခွင့်ပြုငွေကျပ် ၄.၉၆၀ သန်းနှင့် ယင်းလမ်းပေါ်တွင် Box Culvert တစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းကို ငွေကျပ် ၄.၃၄၄ သန်းဖြင့် လည်းကောင်း၊ မယ်စဲ့မြို့ သီရိမင်္ဂလာရတနာသုခ (မြို့မ) ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ရုံးအဝင်လမ်းမှ ဘုန်းကြီးကျောင်းအထိ အရှည်ပေ ၂၀၀ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ငွေကျပ် ၇.၆၃၂ သန်းဖြင့်လည်းကောင်း၊ ဟိုဂျစ်ကျေးရွာ နှစ်ခြင်းဘုရားရှိခိုးကျောင်း လမ်းပေါ်တွင် Box Culvert တစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းကို ငွေကျပ် ၄.၃၄၄ သန်းဖြင့် လည်းကောင်း၊ ဟိုတယ်သီပေါကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် လမ်းဆုံ-လယ်တော ကျေးရွာ ကျေးရွာချင်းဆက်လမ်း အရှည် ၄/၄ မိုင်ရှိသည့်အနက် ၀/၆ မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းကို ငွေကျပ် ၁၃၂.၈၆၈ သန်းဖြင့် လည်းကောင်း၊ နမ့်ပိန်းလင်၊ တောင်လှ၊ ဟိုစဲ့ကျေးရွာ တို့၌ တန်ဖိုးနည်းဝန်ထမ်းအိမ်ယာ တည်ဆောက်ခြင်းလုပ်ငန်းကို ငွေကျပ် ၂၄.၆ သန်းဖြင့် လည်းကောင်း ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်သဖြင့် ယင်းလုပ်ငန်းများ ရန်ပုံငွေထုတ်ယူခွင့်ရရှိရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီမှု ရှိ/မရှိကို မြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်းကော်မတီက ကွင်းဆင်း ကြီးကြပ် စစ်ဆေးခဲ့ရာ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကလောရယ်နှင့် ဟိုတယ်သီပေါကုမ္ပဏီမှ တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)