ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ ရေပြည့်အမှတ်ထက် ရေပိုလွှဲမှရေကျော်ကျနေမှု ပြန်လည် ကျဆင်းလာ

ငဖဲ ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံသည် ယ​နေ့နံနက် ၆နာရီ တိုင်းထွာချက်အရ တမံရေပြည့်အမှတ် (R.l 625) အထက်ရေပိုလွှဲမှ ရေကျော်ကျနေမှု ၀.၆ပေ ပြန်လည် လျော့နည်းကျဆင်းလာကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှသိရသည်။

"ကျွန်တော်တို့ မန်းချောင်းရေလှောင်တမံမှာ ဇူလိုင်လ ၂၉ ရက်ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ မိုးရေချိန် ၇.၀၆ လက်မရွာသွန်းခဲ့တဲ့အတွက် ဆည်အတွင်းကို တောင်ကျချောင်းရေနဲ့ မိုးရေအဝင်များပြီး ရေပြည့်မှတ်ရောက်လာ တာဖြစ်ပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့က စပြီး ရေပိုလွှဲမှ ၀.၅ ပေအမြင့်နဲ့ စတင်ရေကျော်လာခဲ့ရာ ၁၃ ရက်နေ့ထိ ၀.၈ပေ အထိရေကျော်ခဲ့ပြီး ယနေ့မှာ ၀.၆ပေအမြင့်ခန့်သာ ရေကျော်ကျမှုရှိပါတယ်။ ဒါကြောင့် မန်းတမံအောက်ဘက် ပြည်သူတွေအနေနဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိပါဘူး။ မန်းတမံဝန်ထမ်းများကလည်း တမံရေဝင်ရောက်မှု အခြေအနေကို အမြဲမပြတ်စောင့်ကြည့်လျက် ရှိပါတယ်" ဟု ဦးစီးမှူး ဦးအောင်ကိုဦး ကပြောကြားသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံသည် မန်းဆည်အထက်ပိုင်းတွင် မိုးရွာသွန်းမှု ပိုမိုများပြား ခဲ့သည့်အတွက် တမံအတွင်းရေဝင်ရောက်မှုများခဲ့ပြီး ဩဂုတ်လ ၁၅ ရက်နေ့တွင် တမံရေပြည့် အမှတ်ဖြစ်သည့်  ပေ ၆၂၅ အထက် ၀.၆ ပေခန့်ရှိခဲ့ပြီး တမံအတွင်း မိုးရေဝင်ရောက်မှု လျော့နည်းခဲ့သဖြင့် တမံရေပြည့်မှတ်ထက် ၀.၆ ပေ ရေကျော်ကျမှုရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေအား မန်းတမံအောက်ဘက်ရှိ ကျေးရွာများမှ ပြည်သူများအား ကြိုတင်သိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)