မင်းလှမြို့နယ်အတွင်း ကျေးရွာများ၌ ကိုဗစ် Centre များတွင်ထားရှိသည့် ကိုဗစ်-၁၉ လူနာများအား နှစ်သိမ့်အားပေးခြင်းနှင့်ကျန်းမာရေးအသိပညာပေးဆောင်ရွက်

အထက်မင်းလှ     ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ မင်းလှမြို့နယ် ညောင်ဝိုင်းကျေးရွာ၊ ရေတွင်းမြောင်ကျေးရွာ၊ စမ်းအိုင်ကျေးရွာနှင့် လင်းကယ်ကျေးရွာများ၌  ကိုဗစ် Centreများရှိ ကိုဗစ်-၁၉ လူနာများအား  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက် ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဖွဲ့ဝင်ဦးစန်း‌အောင်၊‌ ညောင်ဝိုင်းကျေးလက်ကျန်းမာရေးဌာနနှင့် လင်းကယ်‌ကျေးလက် ကျန်းမာရေးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများ၊ လင်းကယ်ရဲကင်းစခန်းမှူး၊ ညောင်ဝိုင်းရဲကင်း စခန်းမှူးတို့အဖွဲ့က သွားရောက်နှစ်သိမ့်အားပေးကာ ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

          အဆိုပါ နှစ်သိမ့်အားပေး ကျန်းမာရေးအသိပညာပေး  ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး  ကော်မတီဥက္ကဋ္ဌ က ကိုဗစ်-၁၉‌ရောဂါ ကူးစက်ခံသည့် လူနာများအား ကျန်းမာရေးဝန်ထမ်းများက ဆေးကု‌သပေး‌‌နေသည့်အတွက် လူနာများအနေဖြင့်  စိတ်ဓာတ်မကျပဲ စိတ်ခွန်အားရှိရှိနေထိုင်ကြရန်၊ ကျန်းမာရေး အသိသတိဖြင့်နေထိုင်ကြရန်၊‌ ကျေးရွာများအတွင်း ဖျားနာနေသူများ ရှိနေသည့်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ကျေးရွာများသို့ လာရောက်၍ ဖျားနာသူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိအား RDT( Test Kits) ဖြင့်စစ်ဆေး ဆောင်ရွက်‌ပေးမည် ဖြစ်သည့်အတွက် ကျေးရွာနေ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပြီး ကျန်းမာရေး စစ်ဆေးဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့သည်။

         ထို့နောက်  မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ  ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လူနာများအနေဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ပေးထားသည် ဆေးဝါးများအားပုံမှန် သောက်သုံးရန်၊ ချောင်းဆိုးခြင်း၊အသက်ရှူမဝခြင်း စသည့် ဝေဒနာများခံစားရပါက ကျန်းမာရေးဝန်ထမ်းများအား အသိပေးခြင်း၊ သတင်းပေးပို့ခြင်းများ ပြုလုပ်ကြရန် စသည့်ကျန်းမာရေးဆိုင်ရာများအား အသိပညာပေး ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက   ကျေးရွာများ၌ ဖွင့်လှစ်ထားရှိသည့် ကိုဗစ် Centre များအသုံးပြုရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask)များ၊  Hand gelများနှင့် PPE ဝတ်စုံများပေးအပ် လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

ဇာဇာ